Sunday, March 15, 2015

ဒီဘူတာပါပဲ

နောက်ဆုံးတော့ ဒီဘူတာ ဆိုက်တာပါဘဲ Thursday, 12 March 2015 ------------------------------------------- ၂၀၁၅ ခုနှစ်စကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ တင်းကျမ်းဖြစ်လာခဲ့တာပါ။ ဗေဒင်ဆရာတွေဟောတဲ့ မတ်လအတွင်း ရိုလာကိုစတာ စီးရသလို ရင်တမမ ဖြစ်စရာရှိတယ် ဆိုတာ နည်းတောင်နည်းနေသလိုပါပဲ။ ကျောင်းသားသပိတ်ကတော့ မနေ့ကပဲ ဖြိုခွင်းခံလိုက်ရပါပြီ။ ဒီအတွက် လူအများစုက ဒေါသထွက်ကြမယ်၊ စိတ်ဆိုးကြမယ်၊ အစိုးရအပေါ် နာကြည်းကြမှာပါပဲ။ အမှန်ကလည်း အစိုးရရဲ့ ပေါ့လျော့မှုတွေ အတော်လေး ရှိခဲ့ပါတယ်။ ဒီပညာရေး ဥပဒေကို စတင်ပြဋ္ဌာန်းကတည်းက အရေးပါတဲ့ Stakeholder တွေဆီက အကြံဉာဏ်တွေ ပြည့်ပြည့်ဝဝ မရယူခဲ့ပါဘူး။ နောက်ပိုင်း ဥပဒေပြင်ဆင်ဖို့ ကျောင်းသားများက ရက်ပေါင်း ၆၀ စောင့်ဆိုင်းနေတဲ့ အချိန်မှာလည်း လက်ဦးမှုရှိရှိ လုပ်စရာ ကိစ္စတွေကို မလုပ်ခဲ့ပါဘူး။ နောက်ဆုံး သပိတ်တိုက်ပွဲ စပြီဆိုမှ နောက်ကလိုက်ပြီး ဆောင်ရွက်ရသလို ဖြစ်လာတာ ဖြစ်ပါတယ်။ ပညာရေးစနစ်တွေဟာ နှစ်ပေါင်း ၅၀ ကျော် မှားယွင်းလာတယ် ဆိုတာကို ဘယ်သူမှ အငြင်းပွားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ပြဋ္ဌာန်းလိုက်တဲ့ ပညာရေးဥပဒေမှာလည်း ဗဟိုချုပ်ကိုင်မှု တစ်စုံတစ်ရာ ပါနေတယ် ဆိုတာလည်း အားလုံးက တွေ့မြင်ခဲ့ကြတဲ့အချက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင် ဥပဒေသမား မဟုတ်တဲ့အတွက် ဥပဒေရေးရာ အမှားအမှန်တွေထက် သဘောထားနဲ့ ဖြေရှင်းဖို့ ပြဿနာများကိုသာ တင်ပြလိုတာ ဖြစ်ပါတယ်။ ဒါက နှစ်ဖက်စလုံးကို ပြောလိုတာ ဖြစ်တယ်။ ပထမဆုံးအချက်က လက်ရှိအစိုးရအပေါ် ဘယ်လိုနားလည်မလဲ ဆိုတာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ “ဝ” တွေက ပြောပါတယ်။ “ကျွန်တော်တို့နိုင်လို့ ပြောင်းတဲ့ အပြောင်းအလဲ မဟုတ်ပါဘူး။ ဖြည်းဖြည်းပဲ သွားရမှာပါ” လို့ သူတို့က ယူဆပါတယ်။ လက်ရှိအစိုးရဟာ အခြေအနေ အရပ်ရပ်ကို အမြစ်ကစ တော်လှန်ပြောင်းလဲဖို့ ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ သူ့တာဝန်အရကိုက အကျိုးစီးပွားတချို့ကို ထိန်းသိမ်းရမယ့် မွေးရာပါကိစ္စတွေ ရှိပါတယ်။ အကျိုးစီးပွားကို ထိန်းသလို လူတွေကိုလည်း ထိန်းရမယ့်တာဝန် ရှိနေပါတယ်။ နောက်တစ်ဖက်က အတိုက်အခံကို နေရာပေးလိုက်ရမှာလည်း နိုင်ငံရေးသမား ရှက်နည်းမျိုး မဟုတ်ဘဲ အရပ်သားရှက် ရှက်နေပုံရပါတယ်။ ဒါကြောင့် အာဏာသုံးရပ် ခွဲခြားအုပ်ချုပ်ခဲ့ပေမယ့် အာဏာဟာ တစ်နေရာမှာ စုနေသေးတယ်လို့ ထင်စရာတွေ ရှိနေတာပါ။ အာဏာရှင်စနစ်ကနေ အပြောင်းအလဲတွေမှာ တွေ့မြင်ခဲ့ကြရတဲ့အတိုင်း တစ်ဖက်က အကျိုးစီးပွားများကို ထိန်းသိမ်းနိုင်တဲ့ အခြေခံအောက်မှာသာလျှင် ပြည်သူလူထုအတွက် အခွင့်အလမ်းများကို စဉ်းစားမှာ ဖြစ်ပါတယ်။ အပြောင်းအလဲ သီအိုရီတွေကလည်း အမျိုးမျိုးတော့ ရှိပါတယ်။ အပြောများတဲ့ သီအိုရီတစ်ခုကတော့ အုပ်စိုးသူဘက်က သဘောထား ပျော့ပျောင်းသူများနဲ့ အတိုက်အခံဘက်က သဘောထားပျော့ပျောင်းသူများကြား နိုင်ငံရေး ပဋိညာဉ်တစ်ခု ရရှိဖို့ လိုတယ်ဆိုတာ ရှိပါတယ်။ တကယ်ကတော့ ဒီအယူအဆဟာ အပြောင်းအလဲရဲ့ ကနဦးအဖွင့်ကာလမျိုးမှာသာ ပိုပြီးအသုံးတည့်ပုံ ရပါတယ်။ အာဏာသုံးရပ် ခွဲခြားပြီး ဖွဲ့စည်းပုံဥပဒေတွေနဲ့ အတည်ပေါက် အုပ်ချုပ်နေချိန်မှာတော့ ဘယ်လောက်အထိ အသုံးဝင်ဦးမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့်မို့ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်တွေ နှောင့်နှေးနေတာပဲ ဖြစ်တယ်။ အစိုးရအနေနဲ့ ဘယ်လောက်ပဲ အကျပ်အတည်းတွေ့တွေ့ ကိုယ့်ဘာသာကိုယ် ဖြေရှင်းရမယ်၊ ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်တယ်ဆိုတဲ့ လမ်းကြောင်းကို ရောက်နေတာ ဖြစ်တယ်။ ဒါကြောင့် အစိုးရဟာ အကျိုးစီးပွားတချို့ကို ထိန်းသိမ်းဖို့ လိုနေတယ် ဆိုတာကို နားလည်တဲ့အောက်မှာ ဘယ်ကိစ္စမှာမဆို အစိုးရကို တွန်းမှရမယ် ဆိုတာ တွေ့လာရမှာပါ။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ ဘယ်ဒီဂရီလောက် တွန်းမယ် ဆိုတာကတော့ အပြောင်းအလဲ လုပ်လိုသူများရဲ့ အတွေ့အကြုံ၊ ဉာဏ်ပညာနဲ့သာ ဆိုင်ပါလိမ့်မယ်။ အခုကိစ္စမှာ ကျောင်းသားများရဲ့ Initiative အခန်းကဏ္ဍရှိတာ ပေါ်လွင်ပါတယ်။ အာဏာပိုင်များက နောက်ကနေလိုက်ပြီး ကကြရတာပါ။ ပထမ စိန်ရတုခန်းမ တွေ့ဆုံမှုမှာ ကျောင်းသားများဘက်က တောင်းဆိုချက် ၁၁ ချက်ကို မဆွေးနွေးမီ အကြိုသဘောတူညီချက် ကိုးချက်ကို တင်တယ်။ ပထမ သဘောမတူတာတွေ ရှိခဲ့ပြီး နောက်မှာ သဘောတူခဲ့တယ်။ နောက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကျောင်းသားများရဲ့ တောင်းဆိုချက် ၁၁ ချက်ကို အကြိတ်အနယ် ဆွေးနွေးကြပြီး သဘောမတူကြရာက နောက်ဆုံးမှာ ရုတ်တရက် အားလုံးသဘောတူတယ်ဆိုပြီး ဖြစ်လာတယ်။ ဒီသဘောတူညီချက်တွေကို လွှတ်တော်ကိုတင်ဖို့ ဖြစ်လာပါတယ်။ ပထမပိုင်း ကြားရတာတွေအရတော့ လွှတ်တော်ကလည်း တတ်နိုင်သလောက် လိုက်လျောပြီး အမြန်ဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ကျတော့ တစ်မျိုးပြောင်းသွားပြီး ကြားနာပွဲတွေလုပ်မယ်။ ပြီးမှ လွှတ်တော်မှာ ဆုံးဖြတ်မယ်ဆိုတာ ဖြစ်လာပါတယ်။ ဒီကြားနာပွဲမှာ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီ၊ နိုင်ငံရေးပါတီများ၊ NNER၊ စစ်ကြောင်းများကို အားပေးထောက်ခံသူများ၊ အကြံပြုစာပေးပို့သူများနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ဆိုပြီး အဖွဲ့ခြောက်ဖွဲ့မှ ၂၀ ဦးစီကို လွှတ်တော်က တစ်ရက်စီ သီးခြားခွဲတွေ့ဖို့ ဖြစ်ပါတယ်။ ကြားနာပွဲဆိုတာ လွှတ်တော်တစ်ရပ်အတွက် အရေးကြီးလှပါတယ်။ အမေရိကန်လို ကွန်ဂရက်လွှတ်တော် အာဏာကြီးလှတဲ့ နိုင်ငံတွေမှာ ကြားနာပွဲဆိုတာ အရှိန်သြဇာ အလွန်ကြီးပါတယ်။ အာဖဂန်ကိစ္စ ကြားနာပွဲမှာဆိုရင် လွှတ်တော်အမတ်တွေက စင်မြင့်ပေါ်မှာ ထိုင်ပြီး ဖြေဆိုရတဲ့ ဗိုလ်ချုပ်တွေက အောက်မှာ နောက်မီမပါတဲ့ ခုံတန်းပေါ်မှာထိုင်ပြီး ဖြေဆိုကြရတာ ဖြစ်ပါတယ်။ ကြားနာပွဲမှာ ကိုယ့်အမြင်ကို ပြောတာဟာ ကိုယ့်အခွင့်အရေးပဲ ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွှတ်တာဟာ ကိုယ့်အကျိုးစီးပွားကို ကိုယ်မကာကွယ်ရာ ရောက်ပါတယ်။ ဒါတွေဟာလည်း အလေးထားဖို့ လိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်မှန်တဲ့ အရပ်သားအစိုးရ မပေါ်မချင်း တောင်းဆိုချက် မှန်သမျှဟာ အကန့်အသတ်နဲ့ပဲ ရနိုင်မှာပါ။ အခု နောက်ဆုံးဖြစ်လာတာကတော့ ပညာရေးဥပဒေ ပြင်ဆင်ရေးထက် ရန်ကုန် ချီတက်ရေးက ပိုအရေးကြီးသလို ဖြစ်လာတယ်လို့ ထင်ပါတယ်။ အမှန်အတိုင်းဆိုရရင် လက်ရှိရရှိထားတဲ့ တောင်းဆိုချက်တွေဟာ ခေတ်အဆက်ဆက်က လိုလားခဲ့တဲ့ အချက်တွေပါ။ ၇၄၊ ၇၅ တုန်းက ဒီအဆင့်အထိတောင် မတောင်းဆိုနိုင်ခဲ့ပါဘူး။ ၈၈ မှာ မင်းကိုနိုင်တို့ တောင်းဆိုချက်တွေလည်း မရရှိခဲ့ပါဘူး။ အခု ရရှိထားချက်တွေဟာ အဆင့်မြင့်တဲ့ တောင်းဆိုရရှိမှုတွေ ဖြစ်တယ်။ ဒါဟာ အစိုးရကိုယ်၌က တစ်စုံတစ်ရာ ပြောင်းလဲဖို့ လိုအပ်တယ်လို့ သိလာတဲ့အောက်မှာ ရတောင့်ရခဲ ရရှိလာတဲ့ အချက်တွေလို့ ဆိုရမှာပါ။ အခု လွှတ်တော်ကြားနာပွဲမှာ တက်ရောက်မယ့်အဖွဲ့များ အခြေအနေအရ လက်ရှိရရှိထားတဲ့ အချက် ၁၁ ချက်ကနေ အများကြီး တိမ်းစောင်းသွားစရာ မရှိဘူးလို့ ယူဆရပါတယ်။ ဒီ ၁၁ ချက် ထဲမှာတောင် အရေးကြီးဆုံးကိုရွေးရင် တက္ကသိုလ်များ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ရရေးဆိုတဲ့ နှစ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီလိုရရှိပြီးသား အချက်တွေ ပျက်ပျယ်မသွားအောင် ထိန်းသိမ်းနိုင်ရေးအတွက် စိတ်ပူတဲ့ လူတွေလည်း အတော်များများ ရှိလာတာ ဖြစ်ပါတယ်။ အခု နောက်ဆုံးအခြေအနေအရတော့ အစိုးရဘက်က ဘယ်လိုအကြောင်းပြချက်တွေပဲ ရှိရှိ အဖြစ်အပျက်တွေက အရုပ်ဆိုး အကျည်းတန်စွာ ဖြစ်သွားခဲ့ပါပြီ။ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ဟာ လိုအပ်တာထက် အများကြီးပိုနေတယ် ဆိုတာ တစ်ကမ္ဘာလုံးက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပါပြီ။ ရဲတွေက ရဲနဲ့ မတူပါဘူး။ စွမ်းအားရှင်စရိုက် ဝင်နေပါတယ်။ ရဲတပ်ဖွဲ့ဝင်များရဲ့ ရိုက်နှက်ဖြိုခွဲမှုဟာ အညှိုးနဲ့ လက်စားချေလေ့ရှိတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကို ကူးစက်ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တာပါပဲ။ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အမျက်ဒေါသကို ပြေပျောက်စေဖို့ နှစ်နှစ်ကာကာ ကြိုးပမ်းဖို့ လိုပါတယ်။ အပေါစားဆင်ခြေလောက်နဲ့ ဒီနှိပ်ကွပ်မှုကို ကာကွယ်ပေးလို့ နောက်ထပ် ပြဿနာတွေ အများကြီး ဖြစ်လာဦးမှာပါ။ အကောင်းဆုံးကတော့ လက်ရှိ သဘောတူထားပြီးသား အချက်တွေရဲ့ အခြေခံမူတွေကို မထိခိုက်စေဘဲ ပညာရေးဥပဒေ ပြင်ဆင်ချက် အမြန်ဆုံး ထွက်ပေါ်လာအောင် လွှတ်တော်တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်ပဲ ဖြစ်ပါတယ်။ ဘမောင်ညို

No comments:

Post a Comment