Tuesday, March 10, 2015

စာမေးပွဲ

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ မတ် ၁၁ ရက် (ယနေ့) စတင် ---------------------------------------------------------------- ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ် ၁၁ ရက်တွင် စတင် စစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်တွင် မြန်မာစာ၊ ၁၂ ရက်တွင် အင်္ဂလိပ်စာ၊ ၁၃ ရက်တွင် သင်္ချာ၊ ၁၄ ရက်တွင် စိတ်ကြိုက် မြန်မာစာ၊ ၁၆ ရက်တွင် ဓာတုဗေဒ၊ ၁၇ ရက်တွင် ရူပဗေဒ၊ ၁၈ ရက်တွင် ဇီဝဗေဒ(သို့) ဘောဂဗေဒ၊ ၁၉ ရက်တွင် ပထဝီဝင်နှင့် ၂ဝ ရက်တွင် သမိုင်းဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ “သမီးက ဇီဝဗေဒတွဲကို ဖြေမှာပါ။ မနက်ဖြန်ကတော့ မြန်မာစာ စဖြေမှာဆိုတော့ အခက်အခဲ သိပ်မရှိပါဘူး။ ရူပ၊ ဓာတုနဲ့ ဇီဝဗေဒ ဘာသာရပ်တွေက မေးခွန်းလှည့်တယ်။ အဲဒီနေ့ဆိုရင်တော့ သတိပိုထားရမယ်။ အခုနှစ်က မေးခွန်းတစ်စုံတည်းကိုပဲ ဖြေရမှာဆိုတော့ မေးခွန်းက လွယ်တာနဲ့ ခက်တာ မျှပြီး မေးမယ်လို့ ထင်တယ်။ သင်ရိုးစာအုပ် တစ်ခုလုံးကိုကျက်ထားမှ တော်ရာကျမယ်” ဟု စာမေးပွဲဖြေဆိုမည့် ကျောင်းသူတစ်ဦးက ဆိုသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရေးမှူးများ၊ ညွှန်ကြားရေးမှူးများမှ စာစစ်ဌာန တစ်ခုချင်းစီအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကာ နဝမတန်းအောင်မြင်ပြီးသူ မည်သူမဆို ယခုကျင်းပသည့် စာမေးပွဲအား ဝင်ရောက်ဖြေဆိုခွင့် ရမည်ဖြစ်ကြောင်း သိရသည်။ ယခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားအရေအတွက် ခြောက်သိန်းသုံးသောင်းခန့် ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ယခင်နှစ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မေးခွန်း ၁ဝ စုံ ထုတ်၍ မဲစနစ်ပုံစံဖြင့် ဖြေဆိုခဲ့ရသော်လည်း ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မေးခွန်းတစ်စုံတည်းကိုသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားအရေအတွက်နှင့် စာစစ်ဌာနများကို လုံလောက်မှုရှိစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာစစ်ဌာနများကို တိုးချဲ့ဖွင့်လှစ်ပေးထားပြီး လက်ရှိတွင် လားရှိုးနှင့် ကွမ်းလုံဒေသတို့မှ ကျောင်း သား ကျောင်းသူများအတွက်လည်း စာစစ်ဌာနများကို တိုးချဲ့ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ ယင်းအပြင် စာမေးပွဲတွင် မရိုးသားသည့်နည်းလမ်းဖြင့် ဖြေဆိုသည့် ကျောင်းသားကျောင်းသူများကို တွေ့ရှိပါကလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၁၃၇၆ ခုရှိကြောင်း သိရသည်။ ထို့ပြင် စာမေးပွဲဖြေဆိုစဉ်ကာလတွင် ဇာတ်ပွဲ၊ အငြိမ့်နှင့် အခြားဆူညံစေမည့် မည်သည့်ပွဲကိုမျှ ခွင့်ပြု ပေးမည် မဟုတ်ကြောင်း သိရသည်။ “အမှတ်(၁)အနေနဲ့ စာစစ်ဌာန ၄၈၇ ခုရှိပါတယ်။ စာစစ်ဌာန ၃၈ ခုကို တိုးပြီး ဖွင့်လှစ်ပေးထားပါတယ်။ ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတိုင်းကို သူတို့ဖြေဆိုရမယ့် စာစစ်ဌာနပေါ် မူတည်ပြီး လက်ခံသွားမှာပါ။ ပြီးရင် မရိုးမသားဖြေဆိုတဲ့ သူတွေကိုလည်း ကျောင်းစည်းကမ်းချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ညလုံးပေါက်စာကျက်ခြင်း အပါအဝင် အချက်အချို့ကို သတိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

No comments:

Post a Comment