Saturday, March 21, 2015

လက်နက်ကိုင်တပ်ကိုပြန်ကြောက်နေရသော သမ္မတ

လက်နက်ကိုင်တပ်ကို ပြန်ကြောက်နေရတဲ့ သမ္မတအဖြစ်က လွတ်မြောက်ဖို့ – အောင်ထွန်းလင်း Other Blogs   လက်နက်ကိုင်တပ်ကို ပြန်ကြောက်နေရတဲ့ သမ္မတအဖြစ်က လွတ်မြောက်ဖို့ – အောင်ထွန်းလင်း မိမိရဲ့ရပ်တည်ချက်နဲ့ မိမိရပ်တည်နေတဲ့ စစ်တပ်နဲ့လုံခြုံရေး အကြောင်းပြပြီး သမ္မတကို နှုတ်ပိတ် ထားစေတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတွေရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် သမ္မတရဲ့ သြဇာလွှမ်းမိုးမှု မရှိသလောက်ဖြစ်နေ . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ ထူးထူးခြားခြားပါပဲ။ ကျွန်တော့်ရဲ့ စာတွေကိုဖတ်ပြီး အားပေးနေသူ တစ်ဦးက ကျွန်တော့်ဆီကို ဖုန်းဆက် လာတယ်။ သူက ကျွန်တော့် ရဲ့ ဆောင်းပါးတွေကို သဘောကျကြောင်းနဲ့ သူကနေ ရေးပေးစေချင်တဲ့ အကြောင်းတစ်ခုကို ပြောပြပါတယ်။ အဲဒါက ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေအရ အမြင့်ဆုံး အာဏာကို ရယူထားတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနတွေကို မထိန်းချုပ်နိုင်ဘူး၊ ဒီဝန်ကြီးဌာနတွေက သူ့အာဏာနဲ့သူ ဖြစ်နေတယ် ဆိုတာကို အများပြည်သူသိအောင် ရေးသားပေး ဖို့ပါတဲ့။ နောက် တစ်ခုကတော့ ဖြစ်နိုင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရွေးကောက်ပွဲ အမီ ပြင်ပေးဖို့ တိုက်တွန်းပေး ပါဆိုတဲ့ အကြောင်းပါ။ တော်တော်တော့ ခေါင်းလေးသွားတယ်။ ကိုယ်ကလည်း သမ္မတနဲ့ အစိုးရ အဖွဲ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက် စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲ ခံထားရတယ်ဆိုတော့ ဒီတစ်ခေါက်သမ္မတကို တည်ပြီးရေးရမှာဆိုတော့ ခပ်တော့ ခပ်လန့်လန့်ပဲ။ ဒါပေမဲ့လည်း လတ်တလော ဖြစ်ပျက်နေတဲ့ အနေအထားတွေအရ ကျွန်တော့်ရဲ့ စာဖတ် ပရိသတ် ထောက်ပြတဲ့ အချက်ကလည်း မှန်သင့်သလောက် မှန်နေတော့ ဖြစ်ချင်တာ ဖြစ်ဟဲ့ ဆိုပြီး ရေးရပြန် ပါတော့မယ်။ ဖွဲ့စည်းပုံအရ အမြင့်ဆုံးသမ္မတ၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး ဌာန နိုင်ငံရဲ့အမြင့်ဆုံး ဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတသည် အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ သမ္မတသည် မဏ္ဍိုင်သုံးရပ်တွင် တစ်ခုဖြစ်သည့် အုပ်ချုပ်ရေး မဏ္ဍိုင်တွင်လည်း အကြီးအကဲဖြစ်ကာ ၎င်း၏လက် အောက်တွင် ကျန်တဲ့ အစိုးရယန္တရား ၀န်ကြီးဌာနများရှိသည်။ ထိုဝန်ကြီးဌာနများတွင် ကာကွယ်ရေး ၀န်ကြီးဌာန (စစ်တပ်)နှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့လည်းပါသည်။ ယင်းမှာ ဖွဲ့စည်းပုံအရ သတ်မှတ်ချက်များဖြစ်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူများတွင် ““နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်””လို့ ပြဋ္ဌာန်းထားပါတယ်။ ယင်းအချက်မှာ မြန်မာ့နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုကို အသိအမှတ် ပြုထားပြီး လွှတ်တော်တွေမှာလည်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားတွေအတွက် နေရာပေး ထားပြီးသား ဖြစ်ပါတယ်။ ထို့ပြင်အခန်း (၅) အုပ်ချုပ်ရေးကဏ္ဍ၊ ““အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဖွဲ့စည်းခြင်း”” – ကာ/လုံမှာလည်း သမ္မတနဲ့ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုကာချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ၀န်ကြီး ၄ ပါး၊ စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ကာ/လုံရဲ့ လုပ်ငန်းစဉ်အရ တိုင်းပြည်တစ်ခုနဲ့ သံတမန်ရေး အဆက်အသွယ် ဖြတ်တောက်နိုင်သလို အရေးပေါ် ကြေညာချက်ထုတ်ပြီး စစ်အုပ်ချုပ်ရေးလည်း လုပ်ထားပိုင်ခွင့် ရှိပါတယ်။ ဒီနေရာမှာ ကာ/လုံ ကောင်စီအတွင်း စစ်တပ်ဘက်က ၆ ဦးပါရှိပြီး ပြည်သူ က ရွေးချယ်ပါတယ်လို့ အမည်ခံ ထားတဲ့ စစ်ဘောင်းဘီချွတ် အုပ်ချုပ်ရေးပိုင်းက ၅ ဦးသာ ပါရှိပါတယ်။ ဒီနေရာမှာ တစ်ခုထူးခြားချက်ကတော့ ဖွဲ့စည်းပုံအရ အမြင့်ဆုံးဖြစ်တဲ့ သမ္မတက သူ့ရဲ့ လက်အောက်မှာရှိတဲ့ စစ်တပ်ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို မလွှမ်းမိုးနိုင်ဘူး ဆိုတာပါ။ သာဓက တစ်ခုကို ပြပါဆိုရင် ကချင်လက်နက်ကိုင် အဖွဲ့(KIA)နဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်တဲ့အချိန် သမ္မတက တိုက်ပွဲရပ်ဖို့ ဒီကနေ့ပြော၊ နောက်တစ်နေ့ပဲ တိုက်ပွဲဆက်ဖြစ်ခဲ့တာကို မှတ်မိကြမယ် ထင်ပါတယ်။ တပ်ကတပ်ရဲ့ သဘောသဘာဝအရ မိမိရဲ့တည်ရှိ မှုကို ပြသနိုင်ဖို့ ဆိုရင် တိုက်ပွဲဆိုတာ လိုအပ်တယ် မဟုတ်ပါလား။ ထို့နည်းတူ ပြည်ထဲရေး ၀န်ကြီးဌာနသည်လည်း ထို့နည်းလည်းကောင်းဟုပင် ဆိုရပေမည်။ ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အလို့ငှာ ဖွဲ့စည်း တည်ဆောက် ထားပေမယ့်လည်း တကယ့် တကယ်တမ်းတော့ အစိုးရအဖွဲ့ရဲ့ လုံခြုံရေးကိုသာ အဓိကထား လုပ်ဆောင်တာကို တွေ့ရမှာပါ။ အစိုးရရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို အကာအကွယ်ပေးရင်းနဲ့ ပြည်သူ့ချဉ်ဖတ် ဖြစ်လာတယ် ဆိုရင်မမှားပါဘူး။ ဒီ့ထက်ပိုဆိုးလာတာဟာ ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက် ဖြိုခွင်းမှုတွေမှာ အရပ်ဘက် လက်ပတ်နီဝတ် လူရမ်းကားတွေကို အသုံးပြုလာတာကို ကြည့်မယ်ဆိုရင် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ညွှန်ကြားချက် ထုတ်တာတော့ ဖြစ်လောက်မယ် မထင်ပါဘူး။ ပြည်ထဲရေးက သူ့ရဲ့လုပ်ပိုင်ခွင့် အာဏာကိုအစွမ်းကုန် အသုံးချ နေတာ ဖြစ်နိုင်ပါတယ်။ ထို့နည်းတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းတွေကို ကြည့်မယ်ဆိုရင်လည်း စစ်တပ်ရဲ့ သဘောထားကိုသာ အစိုးရအဖွဲ့က ပြန်ငဲ့နေရတဲ့အတွက် အခုအချိန် မပြေလည် သေးတာ ကိုတွေ့နိုင်မှာ ဖြစ်သလို စစ်တပ်သဘောမပါဘဲနဲ့ လုပ်လို့မရတဲ့ သမ္မတရဲ့ အနေအထားကိုလည်း မှန်းဆမိမှာပါ။ ● သမ္မတမနိုင် နှစ်ဆောင်ပြိုင် လက်ရှိ အနေအထားတွေအရ သမ္မတ ဦးသိန်းစိန်က ရှေ့ထွက်ပြီးတော့ မိဘပြည်သူများလို့ ပြောနေပါစေ၊ သူ့လက်အောက်ခံဖြစ်တဲ့ စစ်တပ်နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတို့ရဲ့ လုပ်ဆောင်နေမှုများနဲ့ ပတ်သက်ပြီး ကိုင်တွယ်မှု အားနည်းချက်ကို တွေ့ရမှာပါ။ မိမိရဲ့ ရပ်တည်ချက်နဲ့ မိမိရပ်တည်နေတဲ့ စစ်တပ်နဲ့ လုံခြုံရေး အကြောင်းပြပြီး သမ္မတကို နှုတ်ပိတ်ထားစေတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတွေရဲ့ လုပ်ရပ်တွေကို ကြည့်မယ် ဆိုရင် သမ္မတရဲ့သြဇာလွှမ်းမိုးမှု မရှိသလောက် ဖြစ်နေတာကို အများပြည်သူလည်းသိပြီး ဖြစ်နေလောက်ပါပြီ။ ● ဘယ်လိုဖြေရှင်းကြမလဲ မည်သို့ပင်ဖြစ်စေ အခြေခံဥပဒေအရ နိုင်ငံရဲ့အမြင့်ဆုံးဖြစ်တဲ့ သမ္မတအနေနဲ့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်တပ်နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနအပေါ် သြဇာအာဏာ လွှမ်းမိုးမှု မရှိဘူးဆိုတာကတော့ ဖြစ်ပျက်နေတဲ့ အနေအထားတွေအရ တွေ့နေရပါပြီ။ ဒါဟာ ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်တပ်ကို ကျားကန် ပေးထားခြင်း၊ လက်နက်ကိုင် ပြည်ထဲရေး လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအပေါ် အားကိုးနေရခြင်း (အဓိကရုဏ်းတွေကို တွေ့ဆုံဆွေးနွေးခြင်းဆိုတဲ့ ဒိုင်ယာလော့ခ်နည်းနဲ့ မဖြေရှင်း တတ်ခြင်းကြောင့် လက်နက်ကိုင် ရဲတပ်ဖွဲ့ကို အားကိုးရခြင်း)၊ အရပ်သား အစိုးရအဖြစ် ပြောင်းလဲလာသော်လည်း ၎င်းတို့ ကိုယ်တိုင်က စစ်သားတွေ ဖြစ်နေတဲ့အတွက် လက်ကိုင်တပ်ရှိသူကို ကြောက်နေ ရခြင်းများက လက်နက်ရှိတဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးကို မလွန်ဆန်နိုင်ခြင်းလည်း ဖြစ်ပါတယ်။ ဒီတော့အကောင်းဆုံး ဖြေရှင်းရမယ့် နည်းလမ်းကတော့ ရှိနေပါပြီ။ အဲဒါကတော့ လက်နက်ကိုင် စစ်တပ်ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို နေရာပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ နည်းကျအောင် ပြုပြင်ဖို့ပဲဖြစ်ပါတယ်။ ဒါကို ပြုပြင်ဖို့အတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့က ထောက်ခံ လက်မှတ် ကောက်ယူခဲ့တာ လူဦးရေငါးသန်းကျော်က ထောက်ခံပြီးပါပြီ။ ဒါပေမဲ့လည်း စစ်သားတစ်ပိုင်း အစိုးရကတော့ ဒါကိုဥပေက္ခာပြုလို့ ဒီမနိုင်မနင်းမှုကို သမ္မတက ထမ်းထားရမြဲ ထမ်းနေရဆဲပါ။ ဒီမိုကရေစီ အစိုးရဖြစ်ပြီး လက်နက်ကိုင် တပ်တွေကို မိမိလက်အောက် ထားချင်တယ် ဆိုရင်ဖြင့် သမ္မတ အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အတတ်နိုင်ဆုံး ဖိအားပေး လုပ်ဆောင်နိုင်မှသာလျှင် လက်နက်ကိုင်တပ်ကို ပြန်ကြောက်နေ ရတဲ့ သမ္မတအဖြစ်က လွတ်မြောက်နိုင်မှာ ဖြစ်ပါကြောင်း။ အောင်ထွန်းလင်း မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald   Category Daily News English News Celebrity and Health Journals & Newspapers Navigation Home Privacy Policies Disclaimer

No comments:

Post a Comment