Sunday, March 15, 2015

အာဏာဖီဆန်ခြင်းနဲ့သူရဲကောင်း

အာဏာဖီဆန်ခြင်းနှင့် လှုပ်ရှားမှုများကို ပုံဖျက်ခြင်း တချိန်က မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းတွင် “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” ဟူ၍ ထင်ရှားခဲ့သော ရဲရဲတောက် ကြွေးကြော်သံတခု ရှိခဲ့သည်။ ထိုဆောင်ပုဒ်ကို ကိုင်ဆွဲကာ အာဏာရှင်တို့၏ မတရားသော အမိန့်အာဏာတို့အား အသက်ပေး၊ ဘဝစွန့်၍ လူထုအကျိုးအတွက် အာဏာဖီဆန်ခဲ့ကြသူတို့မှာ မြန်မာ့သမိုင်းတွင် အထင်အရှားပင် ရှိခဲ့သည်။ အမိန့်ဥပဒေမှန်သမျှသည် ပြည်သူလူထုကို အကာအကွယ်ပေးရန် ဖြစ်ရမည်။ အမိန့်အာဏာတို့သည် ပြည်သူလူထု၏ နေ့စဉ်စားဝတ်နေရေးနှင့် ယုံကြည်မှုတို့ကို ခြိမ်းခြောက်ဖိနှိပ်နေလျှင် တနည်းအားဖြင့် ပြည်သူလူထု၏ လူဖြစ်ခြင်းတန်ဖိုးအား အာဏာလက်ကိုင် ရှိသူတို့က ငြင်းပယ်နေလျှင် ပြည်သူလူထု အနေဖြင့် ထိုအမိန့်အာဏာတို့အား ဝေဖန်ဆန်းစစ်ပြီး တာဝန်အရ အာဏာဖီဆန်ကြရမည်ပင် ဖြစ်သည်။ ကမ္ဘာ့သမိုင်းကိုကြည့်လျှင် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို အစောဆုံးစတင်ခဲ့သူမှာ အတွေးအခေါ်ပညာရှင် ဂရိလူမျိုး ဆိုကရေးတီး (Socrates) ဖြစ်သည်။ အမိန့်အာဏာတို့ကို ဆန့်ကျင့်ခဲ့သောကြောင့် အာဏာပိုင်တို့က သူ့ကို ထောင်သွင်း အကျဉ်းချခဲ့ခြင်းနှင့် ထိုအယူအဆကို မစွန့်လွှတ်ပါက အဆိပ်ခွက် သောက်ရမည်ဟု အကြပ်ကိုင်သောအခါ ဆိုကရေးတီးက အဆိပ်ခွက်ကို ရဲရဲရင့်ရင့်သောက်ကာ ယုံကြည်ချက်ကို ဆုပ်ကိုင်သွားခဲ့သည်။ ဆိုကရေးတီး၏ အာဏာဖီဆန်ရေး လမ်းစဉ်ကို ခြေရာနင်းခဲ့သူမှာ အမေရိကန် ကဗျာဆရာ ဟင်နရီ ဒေးဗစ်သော်ရိုး (Henry David Thoreau) ဖြစ်သည်။ သူသည် အမေရိကန်-မက္ကဆီကို စစ်ပွဲအတွင်း အစိုးရ၏ လူထုအပေါ် အခွန်အတုပ် စည်းကြပ်မှုကို ဆန့်ကျင်ခဲ့သည်။ ယုံကြည်ချက်အတွက် ထောင်နန်းစံရခြင်းသည် တပါးသူကြောင့် မိမိ၏ ယုံကြည်ချက်ကို မီးသင်္ဂြိုဟ်ရခြင်းထက် မြတ်သည်ဟု ခံယူခဲ့သည်။ သော်ရိုးအား အမေရိကတိုက်၏ အကြီးမြတ်ဆုံး လူတယောက်အဖြစ် မဟတ္တမဂန္ဒီ (Mohandas Gandhi) က ချီးကျူးခဲ့သည်။ ဂန္ဒီကိုယ်တိုင်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတို့ဖြင့် ဗြိတိသျှအစိုးရ၏ အာဏာဒေါက်တိုင်တို့အား ရိုက်ချိုးခဲ့သည်။ ဂန္ဒီ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုတို့သည် ကိုလိုနီနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်စေခဲ့သည်။ ဂန္ဒီ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် သစ္စာတရား၊ အကြမ်းမဖက်ခြင်းနှင့် သပိတ်မှောက်ခြင်းတို့ ပါဝင်ခဲ့ပြီး ဗြိတိသျှအင်ပါယာကို တုန်လှုပ်စေခဲ့သည်။ ဂန္ဒီနောက်ပိုင်းတွင် ထင်ရှားသော အာဏာဖီဆန်ရေး လှုပ်ရှားမှုတို့ကို ဖော်ဆောင်ခဲ့သူမှာ အမေရိကန် လူမည်းခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာ ( Martin Luther King jr) ဖြစ်သည်။ အမေရိကန်အစိုးရ၏ ဖိနှိပ်ထားသော ပြည်သူ့အခွင့်အရေး အက်ဥပဒေ (၁၉၆၄) နှင့် လူထုလွတ်လပ်စွာ မဲပေးခွင့်အက်ဥပဒေ (၁၉၆၅) တို့အတွက် အာဏာပိုင်အစိုးရကို ရပ်ခံတိုက်ပွဲဝင်ခဲ့ခြင်းကြောင့် ထင်ရှားသည်။ သမိုင်းပုံရိပ်တို့ကိုကြည့်လျှင် လူထုအတွက် မတရားသော အမိန့်အာဏာဥပဒေတို့ကို နှလုံးရည်ဖြင့် အာဏာဖီဆန် တိုက်ပွဲဝင်ခဲ့ခြင်းကို ကြီးမြတ်သူတို့သာ လုပ်ဆောင်နိုင်ခဲ့သည်။ လွတ်လပ်ပြီးခေတ်မှသည် ယနေ့ခေတ်အထိ အသက်သွေးချွေးနှင့် ဘဝတို့ကို အရင်းတည်ကာ မတရားသော အမိန့်အာဏာ ဥပဒေတို့ကို အကြမ်းမဖက်သော နည်းဖြင့် ဖီဆန်နေကြဆဲဖြစ်သည်။ ယနေ့ခေတ်တွင်လည်း မတရားသော အမိန့်အာဏာတို့ကို ဖီဆန်နေကြရဆဲပင် ဖြစ်သည်။ များမကြာမီက ပေါ်ထွက်လာခဲ့သော ကျောင်းသားများ၏ ဒီမိုကရေစီပညာရေး ဥပဒေအတွက် တောင်းဆို ဆန္ဒပြမှုသည်လည်း တခုအပါအဝင်ဖြစ်သည်။ အကြမ်းမဖက် သပိတ်တိုက်ပွဲဝင်ရင်း အစိုးရနှင့် ကျောင်းသားတို့ စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့ပြီး ပညာရေးဥပဒေမူကျမ်းကို ပြင်ဆင်သည့်ဥပဒေကို လေးပွင့်ဆိုင် (ကျောင်းသား၊ NNER၊ လွှတ်တော်နှင့် အစိုးရ) သဘောတူညီမှုဖြင့် လွှတ်တော်သို့ တင်သွင်းနိုင်ခဲ့သည်။ သို့သော် ဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြီး မကြာမီ ဥပဒေကြမ်းပြင်ဆင်ရေးနှင့် ကျောင်းသားထုလှုပ်ရှားမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ပုံဖျက်ခြင်းများ ပြုလုပ်နေကြသည်ကို အထင်အရှားပင် တွေ့နေရသည်။ ထင်ရှားသိသာသည့် ပုံဖျက်မှုတခုမှာ “အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ” ဆိုသည်ကို ဘာသာရေးစိုးရိမ်မှုအဖြစ် ပုံဖော်လာသည်။ ယင်းပုဒ်မတွင် “ ဘာသာရေးကိုသာ သီးသန့် သင်ကြားပေးသော ကျောင်းများသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်း မရှိစေရ” ဟု ရှင်းလင်းတိကျစွာ ဖော်ပြထားသော်လည်း ဘာသာမတူသူများကို မတရား အခွင့်အရေးပေးခြင်းဖြင့် မိမိတို့၏ဘာသာနှင့် အမျိုးသားရေးကို ထိခိုက်ပွန်းပဲ့စေသည်ဟုဆိုကာ လူထု ထင်ယောင်ထင်မှား ဖြစ်စေရန် ပုံဖော်နေသည်မှာ မရိုးသားမှုပင်ဖြစ်သည်။ “ခွင့်တူညီမျှ ဝါဒဖြူစင်သောမြေ” ဟု နိုင်ငံတော်သီချင်းကို ဆိုနေကြလင့်ကစား ဘာသာရေး အကြောက်တရားတို့ လွှမ်းမိုးပြီး ဘာသာဝါဒ မတူသူတို့အပေါ် ဖိနှိပ်လိုသော စိတ်တို့ ပေါ်ပေါက်နေသည်မှာ ဗုဒ္ဓဝါဒနှင့် အတော်ပင် ဖီလာဆန့်ကျင်နေသည်။ ဘာသာရေး အယူသည်းမှုကို အကြောက်တရားက လွှမ်းခြုံပြီး တခြားတပါးသော အယူဝါဒ ကိုးကွယ်မှုတို့ကို ပညာရေးသီးသန့် ကိစ္စမျိုးတွင်ပါ ရပ်တည်ခွင့် မပေးလိုခြင်းသည် ယနေ့မျက်မှောက်ခေတ် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် ရင်လေးဖွယ်ကောင်းလှသည်။ အကျပ်အတည်းများနှင့် အစွန်းရောက်ဝါဒ လူဟူသည်မှာ စားဝတ်နေရေးအတွက် ရုန်းကန်ကြရင်း မသိစိတ်ကဖြစ်စေ၊ အသိစိတ်ကြောင့်ဖြစ်စေ ဝါဒတခုပေါ်တွင် ခြေစုံရပ်မိကြမည်မှာ ဓမ္မတာပင် ဖြစ်သည်။ လောကပေတံ၏ လက်ယာဘက်တွင် ရပ်သူတို့ရှိသလို လက်ဝဲဘက်တွင် နေထိုင်တွေးခေါ်သူတို့ ရှိကြမည်မှာမလွဲ။ သို့သော် လက်ယာစွန်းနှင့် လက်ဝဲစွန်းတို့တွင် မရပ်တည်မိကြရန် လိုသည်။ ဘာသာရေးအစွန်းရောက် အတွေးအခေါ်သည် လက်ယာဝါဒ (အရင်းရှင်) အစွန်းရောက်မှုပင် ဖြစ်သည်။ ဟစ်တလာ၏ လက်ယာအစွန်းရောက် နာဇီဝါဒဖြင့် ဂျာမနီနိုင်ငံသည် အမျိုးသားရေးအစွန်းရောက် ကြွေးကြော်သံများဖြင့် စတင်ခဲ့ပြီး ပြာပုံဘဝဖြင့် နိဂုံးချုပ်ခဲ့ရသည်မှာ အထင်ရှားသော သာဓကဖြစ်သည်။ ဆင်းရဲတွင်းနက်ပြီး ပညာဓာတ်ခံအားနည်းသော နိုင်ငံတို့တွင် လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒတို့ အားကောင်းလာတတ်သည်။ ဥပမာအားဖြင့် လူမျိုးရေး ဘာသာရေးအခြေပြု အသင်းအပင်းများ ပေါ်ပေါက်လာတတ်ပြီး နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ကာ အစိုးရနှင့် အခြားသော အစုအဖွဲ့တို့အပေါ် လွှမ်းမိုးချုပ်ကိုင်ရန် လုပ်ဆောင်လာကြခြင်းမျိုးကို ဆိုလိုသည်။ ဆင်းရဲနိမ့်ကျလှသော မြန်မာပြည်ကဲ့သို့ နိုင်ငံများတွင် အစွန်းရောက်အတွေးအခေါ်နှင့် လှုပ်ရှားမှုတို့အတွက် ရေခံမြေခံကောင်းတို့ ရှိနှင့်ပြီးဖြစ်သည်။ လူထုအကျိုးကို ရှေ့ရှုသောအစိုးရနှင့် လူထုကြီး၏ ကြွယ်ဝမြင့်မား အသိဥာဏ်တို့ဖြင့်သာ အဆိုပါ အမြင်ကျဉ်းမှုနှင့် အစွန်းရောက်မှုတို့ကို ကျော်လွှားနိုင်မည်ဖြစ်သည်။ စားဝတ်နေရေး ရုန်းကန်ရမှုကြောင့် စိတ်အလို မကျမှုတို့ကို မှန်ကန်သော ဓမ္မတို့ဖြင့်သာ ဖြေရှင်းရန်လိုသည်။ စားဝတ်နေရေး ကျပ်တည်းစေခြင်း၏ အဓိကတရားခံဖြစ်သော စနစ်ကို မြင်အောင်ကြည့်ပြီး စနစ်ကို မောင်းနှင်နေသော အုပ်ချုပ်သူ လူတန်းစားတို့၏ အာဏာနှင့် ဥပဒေတို့အပေါ် မေးခွန်းထုတ်ကြရန် လိုသည်။ ကောင်းမွန်သောစနစ်သို့ ရောက်အောင် ပြောင်းလဲနိုင်ကြဖို့လိုသည်။ ကျောင်းသားတို့ကား သူတို့တာဝန်သူတို့ ယူနေကြပြီ။ ပုံဖျက်သူတို့ကလည်း ခြောက်၍တမျိုး၊ ဆွ၍တဖုံ အမျိုးသားရေး အစွန်းရောက် နိုင်ငံဖြစ်ကာ ပျက်စီးခြင်း ဆိုက်ရောက်အောင် ကြိုးစားနေကြသည်။ အာဏာရ လူတန်းစားတို့ကား မှန်ကန်သော လုပ်ရပ်နှင့် စွမ်းဆောင်မှုတို့ကို မပြနိုင်ကြ။ တိုင်းပြည်အရေးကား စိုးထိတ်စရာ ကောင်းလှသည်။ အမျိုးသားရေး အမြင်ကျဉ်းဝါဒသည် အကြပ်အတည်း ဖြစ်နေသော လူတစုကို ထွက်ပေါက်ရအောင် လမ်းခင်းပေး နိုင်သည်။ အစွန်းရောက် အမျိုးသားရေးဝါဒသည် ပြည်သူများဖြစ်ကြသည့် မြေဇာပင်တို့ကိုသာ ပျက်သုဉ်း ကြေမွစေခဲ့သည်။ ယင်းမြေစာပင်တို့ကို Politicide ဟုခေါ်သည့် နိုင်ငံရေးသား သတ်ကွင်းထဲသို့သာ ရောက်စေသည်။ Politicide ဆိုသည်မှာ ဂျာမန်လူမှုရေး သိပ္ပံပညာရှင် ဘာဘာရာ ဟဖ် ( Barbara Harff) ခေါ်ဝေါ်သုံးစွဲခဲ့သော စကားစုဖြစ်သည်။ အာဏာရ လူတန်းစား၏ အာဏာနှင့် အကျိုးစီးပွားကို ဆန့်ကျင်သူ လူထုအား ပျက်သုဉ်းအောင် အနုနည်းဖြင့် ချေမှုန်းခြင်းဟု အနက်ပြန်လို့ ရနိုင်သည်။ အုပ်ချုပ်သူတို့က လူ့အဖွဲ့အစည်းအတွင်း အမျိုးသားရေး အစွန်းရောက်ဝါဒတို့ ပွားများစေသည့်နည်းဖြင့် မိမိတို့အာဏာနှင့် အကျိုးစီးပွားကို တည်မြဲစေခြင်း ဖြစ်သည်။ ပလေတို (Plato) ၏ ထင်ရှားသော တွေးခေါ်မှုတခုဖြစ်သည့် Allegory of the cave နည်းနာအရ လူတို့၏ အသိဥာဏ်ကို ထင်ယောင်မှားစေခြင်းမျိုး ဖြစ်သည်။ ဥပမာအားဖြင့် တကယ်တမ်းမရှိသော ကြောက်လန့်ဖွယ် အရာဝတ္ထုများဖြင့် လူတို့၏ အသိစိတ်တွင် အရှိထင်လေအောင်၊ အသိစိတ်တွင် ကြောက်ရွံလေအောင် ဖန်တီးထားခြင်းမျိုး ဖြစ်သည်။ အစွန်းရောက် အမျိုးသားရေးဝါဒသည်ကား အန္တရာယ်ကြီးပေစွ။ အချုပ်အားဖြင့်ဆိုသော် စစ်မှန်သော ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုနေကြသော ကျောင်းသားလှုပ်ရှားမှုသည် လည်းကောင်း၊ စစ်မှန်သော ပြည်ထောင်စုဖော်ဆောင်ရေးအတွက် တောင်းဆိုနေကြသော လူမျိုးစုများသည်လည်းကောင်း၊ မြေမဲ့ယာမဲ့ တောင်သူလယ်သမားတို့နှင့် လုပ်ခနည်း အလုပ်သမားများ၏ စားဝတ်နေရေး တောင်းဆိုမှုများသည်လည်းကောင်း စစ်မှန်သော ဒီမိုကရေစီပန်းတိုင်အတွက် ခြေလှမ်းများပင် ဖြစ်သည်။ သို့သော် ယင်းခြေလှမ်းများသည် အမြင်ကျဉ်း အမျိုးသားရေးဝါဒနွံ အတွင်း သက်ဆင်း မကျရောက်စေဘဲ အောင်မြင်စွာ ဆက်လက် တက်လှမ်းနိုင်ဖို့တော့ လွန်စွာ အရေးကြီးပေသည်။

No comments:

Post a Comment