Wednesday, March 11, 2015

နိုင်ငံ့ ဝန်ထမ်းလစာအခြေအနေ

လာမည့်ဘဏ္ဍာနှစ်မှ စတင်၍ နိုင်ငံ့ဝန်ထမ်း လစာများ တိုးမြှင့်ရန် စီစဉ်လျက်ရှိရာ လက်ရှိ ဝန်ထမ်းများ၏ လက်ရှိ လစာအပေါ် မူတည်၍ ၄၀ ရာခိုင်နှုန်းအထိ တိုးနိုင်ဖွယ်ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြောဆိုသည်။ ဘဏ္ဍာနှစ်သစ် စတင်မည့် ဧပြီလမှစ၍ နိုင်ငံ့ဝန်ထမ်း လစာများကို တိုးမြှင့်ရန်အတွက် အစိုးရက ပြည်ထောင်စုလွှတ်တော်ထံသို့ ဘဏ္ဍာငွေ တိုးမြှင့်တောင်းခံထားပြီး အသေးစိတ်ကိုမူ လာရောက်ရှင်းလင်းခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။ “၃၀ ရာနှုန်းမှ ၄၀ ရာနှုန်းထိ ဘတ်ဂျက် တိုးတောင်းထားတော့ အဲဒီလောက် လစာတိုးမယ်လို့ မျှော်လင့်ရတယ်” ဟု ဦးဇော်မြင့်ဖေက မှတ်ချက်ပြုသည်။ အစိုးရက ဝန်ထမ်းလစာများကို ၂ နှစ်ဆက်တိုက် ကျပ်နှစ်သောင်းစီ တိုးမြှင့်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က ဝန်ထမ်းလစာများ ထိုက်ထိုက်တန်တန် တိုးမြှင့်ရန် အစိုးရသို့ တိုက်တွန်းထားပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ လစာကိုလည်း ဧပြီလမှ စတင်၍ ကျပ်ဆယ်သိန်းအထိ တိုးမြှင့်ထားသည်။ ဝန်ထမ်းလစာများကို ရာထူးအဆင့်အလိုက် မည်ရွေ့မည်မျှ တိုးမြှင့်မည်ကို ပြည်ထောင်စုလွှတ်တော်၌ ပွင့်ပွင့်လင်းလင်း လာရောက်ရှင်းပြ၍ လိုအပ်ပါက အကြံဉာဏ် ရယူသင့်ကြောင်း၊ ယခုမူ အမျိုးသားစီမံကိန်းတွင် ဘတ်ဂျက်တိုးမြှင့် တောင်းခံသည့် အခြေအနေကို သုံးသပ်၍သာ ခန့်မှန်းတွက်ချက်နေရကြောင်း ဦးဇော်မြင့်ဖေက ရှင်းပြသည်။ နိုင်ငံ့ဝန်ထမ်းများကို ဧပြီလမှ စတင်၍ ကျပ်ငါးသောင်းအထိ တိုးမြှင့်မည်ဟု သတင်းအချို့ ထွက်ပေါ်သော်လည်း အစိုးရက ယင်းသတင်းများကို အတည်ပြုခြင်း မရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဝန်ထမ်းများ လစာ ထိုက်ထိုက်တန်တန် တိုးမြှင့်ရန်အတွက် ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အားကို လျှော့ချ၍ ကျစ်ကျစ်လျစ်လျစ် ပြန်လည်ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ ယင်းမှသာ ဝန်ထမ်း အရည်အသွေးများလည်း တိုးတက်၍ လစာကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောဆိုသည်။ “ခုက ဝန်ထမ်း ဖွဲ့စည်းပုံတွေကို ထပ်တောင်တိုးထားသေးတယ်။ ဒီအတိုင်းဆိုရင် ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့ သန့်ရှင်းသောအစိုးရ ဆိုတာ လေထဲမှာပြောပြီး လေထဲမှာပဲ ပျောက်သွားလိမ့်မယ်” ဟု ဒေါက်တာမြတ်ဉာဏ်စိုးက မှတ်ချက်ပြုသည်။ ဝန်ထမ်းများကို လစာတိုးသည့်အပြင် ယင်းလစာကို ပေးချေရာ၌ ငွေသားကို ထုတ်ပေးခြင်းထက် ဘဏ်မှတစ်ဆင့် လစာပေးသည့်စနစ်ကို စတင်အသုံးပြုသင့်ပြီ ဖြစ်ကြောင်း၊ ယခုမူ လွှတ်တော်ကိုယ်စားလှယ်များပင် လစာစရိတ်တို့ကို ငွေသားဖြင့် ထုတ်ယူနေရခြင်းမှာ မဖြစ်သင့်တော့ကြောင်း ဦးဇော်မြင့်ဖေက ထောက်ပြသည်။ ယင်းသို့ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်မည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက မတ်လ ပထမပတ်အတွင်း ပြည်ထောင်စုလွှတ်တော်၌ အမျိုးသားစီမံကိန်း ဥပဒေကို ပြန်လည်ရှင်းလင်းရာတွင် ဖြေကြားရမည် ဖြစ်သည်။ Ref:

No comments:

Post a Comment