Tuesday, June 9, 2015
သရဲပူးသည်ဟုဆိုကာ အထိတ်တလန့်ဖြစ်
ဝါးတရာ အထည်ချုပ်စက်ရုံတွင် သရဲပူးသည်ဟုဆိုကာ ဝန်ထမ်းများ အထိတ်တလန့်ဖြစ် ရန်ကုန်၊...
The Voice Weekly's Facebook Wall / The Voice Weekly / 9 hours ago
ဝါးတရာ အထည်ချုပ်စက်ရုံတွင် သရဲပူးသည်ဟုဆိုကာ ဝန်ထမ်းများ အထိတ်တလန့်ဖြစ်
ရန်ကုန်၊ ဇွန် ၈
ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ရှိ အလုပ်သမား ၈၀၀ ခန့် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွင် ဇွန်လ ၆ ရက် နံနက် ၁၁ နာရီခွဲက စက်ချုပ်နေသော အသက် ၂၁ နှစ်မှ ၂၅ နှစ် အရွယ်ကြားရှိသော အလုပ်သမား အမျိုးသမီးသုံးဦးကို သရဲဝင်ရောက် ပူးကပ်သည်ဆိုကာ မူးလဲကျရာမှ အလုပ်သမားများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း စက်ရုံအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
“စက်ချုပ်နေတဲ့ သူတွေထဲမှ ဒီသုံးယောက်က တုန်တုန်ယင်ယင်နဲ့ မျက်ဖြူလန်ပြီး လဲကျသွားတာ၊ ကျန်တဲ့အလုပ်သမားတွေကလည်း လန့်ဖျပ်သွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သော အထည်ချုပ် အလုပ်သမတစ်ဦးက ပြောကြားသည်။
အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို မကြာခဏ သရဲခြောက်လန့်မှုများ ရှိကြောင်း၊ အလုပ်သမားများ ချုပ်လက်စ အထည်များကို ဆွဲယူခြင်း၊ စက်ရုံအတွင်း ဖြတ်သန်းသွားလာနေသော လူပုံသဏ္ဌာန် အရိပ်အယောင်များ မကြာခဏမြင်ရခြင်း၊ အမဲသားဟင်း၊ ဝက်သားဟင်း ထည့်လာသော ထမင်းချိုင့်များကို ဆွဲချခြင်း၊ ခုံများကို တွန်းခြင်းများအပြင် သန့်စင်ခန်းတံခါးများမှာ အလိုအလျောက် ပိတ်နေခြင်း၊ သန့်စင်ခန်းတံခါးအတွင်း ချက်များ လူမရှိဘဲ ကျနေခြင်းတို့ ဖြစ်ပေါ်ကာ စက်ရုံအလုပ်သမားများကို မကြာခဏ ခြောက်လှန့်ကြောင်း စက်ရုံအလုပ်သမားများက တညီတညွတ်တည်း ပြောကြားသည်။
ယခင်က စက်ရုံတွင်း သရဲခြောက်လန့်မှုသာ ကြုံတွေ့ခဲ့ရသော်လည်း စက်ရုံအလုပ်သမားများကို သရဲပူးကာ ခြောက်လှန့်ခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ သရဲပူးကာ ခြောက်လှန့်မှုကြောင့် ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက်ရှိ ရွှေဒါးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးနန္ဒိယ အပါအဝင် သံဃာငါးပါး ပင့်ဖိတ်ကာ စက်ရုံအတွင်း ပရိတ်တရားတော်များ နာယူခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရှိရသည်။
“စက်ရုံထဲမှာ မကြာခဏ အလုပ်သမားတွေ သရဲခြောက်ခံရတာမျိုး ကြုံရတယ်လို့ ပြောတာကြောင့် ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အများအမြင်မှာ စိတ်သန့်သွားအောင် စက်ရုံထဲမှာ ပရိတ်ရွတ်ဖတ်ခဲ့ပါတယ်” ဟု ယင်းစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ သရဲဝင်ရောက် ပူးကပ်သည်ဆိုသော အလုပ်သမသုံးဦးကို စက်ရုံတာဝန်ရှိသူများက နေအိမ်သို့ အသီးသီး ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲ ၁ နာရီတွင် လုပ်ငန်းခွင်ကို နေ့တစ်ပိုင်း ရပ်နားကာ အလုပ်ဆင်းခွင့် ပြုခဲ့ကြောင်း ယင်းစက်ရုံ တာဝန်ရှိသူများထံမှ သိရှိရသည်။
Visit website
Labels:
သတင်းစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment