Sunday, May 3, 2015
အနည်းဆုံးလုပ်အားခ
အလုပ်ရှင်များက တစ်ရက်လုပ်ခ ၁၅၀၀ သာပေးလို၊ အလုပ်သမားများက အနည်းဆုံး ကျပ် ၄၀၀၀ ပေး...
The Voice Weekly's Facebook Wall / The Voice Weekly / 6 days ago
အလုပ်ရှင်များက တစ်ရက်လုပ်ခ ၁၅၀၀ သာပေးလို၊ အလုပ်သမားများက အနည်းဆုံး ကျပ် ၄၀၀၀ ပေးရန် တောင်းဆို
ရန်ကုန်၊ ဧပြီ ၂၆
တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီအတွက် လုပ်အားခ ကျပ် ၁၅၀၀ သာ ပေးရန် အလုပ်ရှင်များဘက်က အဆိုပြုထားသော်လည်း အလုပ်သမားများက အနည်းဆုံး လုပ်အားခအဖြစ် ကျပ် ၄၀၀၀ ထက် မလျော့နည်းဘဲ သတ်မှတ်ပေးရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ဧပြီလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်။
အနည်းဆုံး လုပ်အားခ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးနှင့် အလုပ်သမားများ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမတွင် ဧပြီလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် အလုပ်သမားများက ယင်းသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။
အလုပ်ချိန် ရှစ်နာရီအတွက် လုပ်အားခအဖြစ် နိုင်ငံ့ဝန်ထမ်းများနည်းတူ ကျပ် ၄၀၀၀ အနည်းဆုံး သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး ယင်းလုပ်ခတွင် လူမှုဖူလုံရေးကြေးနှင့် အလုပ်သမားများ ရရှိနေသည့် အခြားအခကြေးငွေများ မပါဝင်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက ပြောကြားသည်။
ကျပ် ၄၀၀၀ သတ်မှတ်ပေးရန် အလုပ်သမားအများစုက တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး အချို့လုပ်သမားများက ကျပ်ငါးထောင်ကျော်အထိ တောင်းဆိုတင်ပြခဲ့ကြကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MTUF) မှ ဥက္ကဋ္ဌ ဦးအောင်လင်းက အလုပ်သမားများအတွက် အနည်းဆုံး လုပ်အားခ သတ်မှတ်ရာတွင် နိုင်ငံ့ဝန်ထမ်းများ ဧပြီလတွင် စတင်ရရှိမည့် လစာနှုန်းထားထက် လျော့နည်းသတ်မှတ်ပေးမည်ဆိုပါက လက်မခံကြောင်း ပြောကြားသည်။
“ယနေ့ နိုင်ငံ့ဝန်ထမ်းတွေကို ပေးထားတဲ့လစာဟာ တစ်သိန်းနှစ်သောင်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်အစိုးရက ကိုယ့်နိုင်ငံသား ဝန်ထမ်းတွေကို အကာအကွယ်ပေးထားတဲ့ လစာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုလည်း တစ်သိန်းနှစ်သောင်းထက် လျှော့ပေးလို့မရဘူး” ဟု ၎င်းကဆိုသည်။
အထည်ချုပ်လုပ်ငန်းရှင် အများစု အပါအဝင် CMP လုပ်ငန်းရှင်များကမူ အလုပ်သမားများကို တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီအတွက် ကျပ် ၁၅၀၀ ပေးနိုင်မည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံစဉ် တင်ပြခဲ့ကြသည်။
အလုပ်သမားများ၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ်စစ်တမ်း၊ အစိုးရက နိုင်ငံ့ဝန်ထမ်းများကိုပေးသည့် လစာနှုန်းထားများနှင့် နှိုင်းယှဉ်ကာ အလုပ်သမားများကို တစ်ရက် အနည်းဆုံး လုပ်အားခ ကျပ်သုံးထောင်ဝန်းကျင်ပေးရန် ဦးအေးမြင့်က ညှိနှိုင်းခဲ့သော်လည်း အလုပ်ရှင်များက လက်ခံခြင်း မရှိခဲ့ပေ။
တစ်ရက် အနည်းဆုံး လုပ်အားခကို ကျပ် ၁၅၀၀ ထက် တိုးမြှင့်မည်ဆိုပါက CMP လုပ်ငန်းရှင်များအတွက် လုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် အခက်အခဲရှိကြောင်း အဆိုပါ လုပ်ငန်းရှင်များက တင်ပြခဲ့ကြသည်။
သစ်အချောထည်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်အချို့ကမူ တစ်ရက် အလုပ်ချိန် ရှစ်နာရီအတွက် အနည်းဆုံး လုပ်အားခအဖြစ် အလုပ်သမားကို ကျပ်သုံးထောင် ပေးနိုင်သည်ဟု တင်ပြခဲ့ကြသည်။
အနည်းဆုံး လုပ်အားခ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အနည်းဆုံး လုပ်အားခ သတ်မှတ်ရေးနှင့် ပတ်သက်သည့် ပညာရှင်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို မေလအတွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
Visit website
Labels:
အချိန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment